Thursday, November 17, 2016

"ဗုဒ္ဓ ဂုဏ်တော်"

"ဗုဒ္ဓ ဂုဏ်တော်"

       "ဗုဒ္ဓ=သစ္စာလေးပါးတရားကို သိသည် သိစေ
သည်။ သဗ္ဗဓမ္မေ ဗုဇ္ဈတီတိ ဗုဒ္ဓေါ = အလုံးစုံသော
တရားတို့ကို သိတော်မူသောကြောင့်လည်း ဗုဒ္ဓ
ဟု ဆို၏။ သို့သော် စတုသစ္စဝိနိမုတ္တော ဓမ္မော
နာမ နတ္ထိ = သစ္စာလေးပါးမှလွတ်သော တရား
မည်သည်မရှိ ဟူသည်အရ တရားအားလုံးသစ္စာ
လေးပါ၌ ပါဝင်သည်ချည်းဖြစ်ရာ သစ္စာလေးပါးကို
သိသည်ဆိုသဖြင့် တရားအလုံးစုံ အကုန်သိသည်
ဟူသော အနက်ပြီး၏။"

         "သစ္စာမသိပဲ အရိယာ ရဟန္တာ ပစ္စေကဗုဒ္ဓ
နှင့် ဗုဒ္ဓဟူ၍ မရှိ သစ္စာအားလုံးကို သိခြင်းဖြင့်သာ
ဖြစ်ကြရသည်။ သစ္စာသိရာ၌ အချို့မှာ ပဋိသမ္ဘိဒါ
အဘိညာဉ် သမာပတ်စသော ဂုဏ်ထူးများကို
လည်း တစ်ပါတည်းရကြ၏။ ဘုရားရှင်လည်း
သစ္စာသိသော အရဟတ္တမဂ်နှင့် ဖိုလ်၏ အခြားမဲ့
၌ပင် သဗ္ဗညုတဥာဏ်တော်ကြီးကိုရ၏။ ဒသဗလ
ခေါ် ဥာဏ်တော်ဆယ်ပါးလည်း အပြီးတိုင်ပေါက်
၏။ အခြား အသာဓာရဏ= သူတစ်ပါးနှင့်မဆိုင်
သော ဂုဏ်တော် ဝေသာရဇ္ဇဥာဏ်တော်စသော
ဘုရားသာရသော ဗုဒ္ဓဂုဏ်တော်အားလုံးကိုလည်း
ရတော်မူ၏။ ထို့ကြောင့်ပင်လျှင် သစ္စာသိချင်းတူ
သော်လည်း သစ္စာသိခြင်းကြောင့် ရအပ်သော
ဂုဏ်ချင်းမှာ အလွန်ကွားခြားလှသောကြောင့်
ဗုဒ္ဓဟူသောအမည်တော်မှာ အခြားပုဂ္ဂိုလ်များနှင့်
မဆိုင်တော့ပေ။"

            "ဗုဒ္ဓ၏ အခြားအနက်တစ်မျိုးမှာ ဗုဓ မှ
သဒ္ဒါနည်းအရ ဗုဒ္ဓ ဖြစ်လာရာ ဗုဓ သည် သိခြင်း
သာမက နိုးခြင်းအနက်ကိုလည်း ဟောသေး၏။
အိပ်ပျော်ရာမှနိုးသူဟု အဓိပ္ပါယ်ရ၏။ မောဟမ
ကင်းသေးလျှင် အိပ်ပျော်နေသူပင်ဖြစ်၏။ အိပ်
ပျော်နေသူမှာ ဘာမျှမသိရသကဲ့သို့ မောဟရှိသူ
မှာ တရားအမှန်ကို မမြင်ရသောကြောင့် တကယ့်
အအိပ်ကြီးအိပ်နေသူသာတည်း။"

          "ဘုရားရှင်ကား အအိပ်ကြီးအိပ်ပျော်နေ
သော လောကသားများထဲမှ အရဟတ္တမဂ်ဖြင့်
မောဟကို ဖျက်ဆီးနိုင်သောကြောင့် ပထမဆုံး
နိုးကြားတော်မူသော ပုဂ္ဂိုလ်မြတ်ကြီးပေတည်း။"

              "ဗုဒ္ဓသည် ဝိကသန=ပွင့်ခြင်းအနက်ကို
လည်းဟော၏။ အရဟတ္တမဂ် အရဟတ္တဖိုလ်ဖြစ်
ခြင်းကိုပင် ပွင့်သည်ဟုဆိုသည်သာတည်း။သစ်
ပင်များ၌ ပွင့်စေတတ်သော ဓါတ်သတ္တိရှိနေ၏။
ထိုဓါတ်သတ္တိအရှိန်မှာ  မြေ ရေ နေ စသော အကူ
အပံ့ဖြင့် တရွေ့ရွေ့တိုးတက်လာခဲ့ရာ နောက်ဆုံး
ပွင့်လောက်အောင်အရှိန်ကောင်းလာသောတနေ့
၌ အကင်းအငုံထွက်ရာမှတစ်ဆင့် ပွင့်ရလေတော့
၏။"

            "အလောင်းတော်ဘဝက ပါရမီတွေဖြည့်
နေရသည်မှာ ပွင့်စေတတ်သော ဓါတ်သတ္တိအရှိန်
တက်အောင် ပြုပြင်နေရခြင်းပင် နောက်ဆုံးဘဝ
၌ ဓါတ်သတ္တိအရှိန်အကောင်းဆုံးအဖြစ် ဗောဓိ
ပင် အပရာဇိတပလ္လင်၌ အရဟတ္တမဂ်ဥာဏ်
သဗ္ဗညုတဥာဏ်တော်ကိုရတော်မူလျက် အတုမဲ့
မြတ်ဗုဒ္ဓအဖြစ် ပွင့်ထွန်းပေါ်တော်မူလာပါတော့
သတည်း။

                          
                                 #ငြိမ်းချမ်းပါစေ

No comments:

Post a Comment